ဝမ်းနည်းခြင်းမှတ်တမ်း
(ဆရာမ ဒေါ်အေးအေး)
[+/-] |
|
0 comments
[+/-] |
Exam Table |
0 comments
[+/-] |
About Meeting |
0 comments
[+/-] |
|
ဆရာဇော်ဂျီ၏ ပထမ ခေတ်စမ်းကဗျာဖြစ်တဲ့ “ပိတောက်ပန်း” ကဗျာလေးကို ဖော်ပြပေးလိုက်ပါတယ်။
“ပိတောက်ပန်း”
မခူးချင် စမ်းပါနဲ့
နှစ်ဆန်းခါ တော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။
တသိန်း တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့ သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲ့ချင်တဲ့ နှလုံးသားရယ်ကြောင့်
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
0 comments
[+/-] |
|
လွန်ခဲ့သည့် ၁၉၆၅ ခု ဇွန်လထဲ၌ အမေရိကန်ပြည်ထောင်စု စာပေဆိုင်ရာ ပုဂ္ဂိုလ်များက ၀ါရှင်တန် မြန်မာသံရုံးမှ တစ်ဆင့် ဆရာ မင်းသုဝဏ်ထံသို့ အကြောင်းကြားစာ ပေးပို့သည်။ ထိုစာနှင့်အတူ ပန်းချီကားပုံတူ တစ်ကားကိုလည်း ပေးပို့သည်။ ပန်းချီကားမှာ အမေရိကန် စာရေးဆရာကြီး နိုဗယ်ဆုရ ၀ီလျံဖော့ကနာ ရေးဆွဲသော “ဟင်နရီ” အမည်ရှိ ပန်းချီကား ဖြစ်သည်။ လူသားတို့၏ လေးစားဖွယ် စိတ်ဓါတ်ကို ဖော်ကျူးသော ပန်းချီကား ဖြစ်သည်ဟု ဆိုသည်။
စာတွင် ထိုပန်းချီကားကို ဆရာ မင်းသုဝဏ် ရှုကြည့်ပါ။ ထို့နောက် ထိုပန်းချီကားကို ရှုကြည့်ရာမှ လူသားတို့၏ မြတ်နိုးဖွယ် စိတ်ဓာတ်နှင့် ပတ်သတ်၍ ခံစားမိ၊ ဆင်ခြင်မိ၊ တွေးတောမိသည် တို့ကို ဆရာမင်းသုဝဏ်က မြန်မာကဗျာတစ်ပုဒ် ဖွဲ့ဆိုပေးပါဟု မေတ္တာရပ်ခံထားသည်။ ဖွဲ့ဆိုပေးရာ၌ ဆရာမင်းသုဝဏ်၏ မြန်မာလက်ရေးမူဖြင့်ပင် ဖွဲ့ဆိုပေးပါရန် တောင်းခံသည်။ ထိုသို့ ဆရာမင်းသုဝဏ် ဖွဲ့ဆိုပေးသော ကဗျာကိုလည်း “ကမ္ဘာ့သက်ရှိ ကဗျာဆရာကြီးများ” အမည်ဖြင့် ထုတ်ဝေမည့် ကဗျာစာအုပ်တွင် အင်္ဂလိပ်ဘာသာပြန် နှင့်အတူ ပူးတွဲထည့်သွင်း ဖော်ပြခွင့်ပြုပါရန်လည်း မေတ္တာရပ်ခံထားသည်။
“ကမ္ဘာ့သက်ရှိ ကဗျာဆရာကြီးများ” ကဗျာစာအုပ်မှာ အမေရိကန်နိုင်ငံက ထုတ်ဝေမည့် The World’s Great Living Poets အမည်ရှိ စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံတစ်နိုင်ငံစီမှ ကဗျာဆရာကြီး တစ်ဦးစီ၏ ကဗျာတစ်ပုဒ်စီ ပါရှိမည်။ ကဗျာဆိုရာ၌ ဖော်ပြပါ “ဟင်နရီ” ပန်းချီကားကို ရှုကြည့်ပြီး ဖွဲ့ဆိုထားသော ကဗျာဖြစ်သည်။ မိမိတို့ တိုင်းရင်းဘာသာ အသီးသီးဖြင့် ဖွဲ့ဆိုပေးသည်ကို သက်ဆိုင်ရာက အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပူးတွဲ ဖော်ပြမည်ဖြစ်သည်။ ကဗျာနှင့်အတူ ကဗျာဆရာ၏ ဓါတ်ပုံ၊ ကဗျာဆရာ၏ အတ္ထုပတ္တိ အကျဉ်းပါ ပါရှိမည်။ ထိုကဗျာစာအုပ်ကို စောင်ရေပေါင်း အမြောက်အမြား ရိုက်နှိပ်ကာ ကမ္ဘာအနှံ့၊ ကမ္ဘာ့တက္ကသိုလ်များအနှံ့ ဖြန့်ဖြူးမည် ဆိုသည်။ ထိုကဗျာစာအုပ်တွင် ဖော်ပြခြင်း ခံရသော ကဗျာဆရာကြီးများ၏ လက်ရေးမူကဗျာများကို အမေရိကန်နိုင်ငံရှိ အကြီးဆုံး ပိဋ္ဋကတ်တိုက်ကြီး၌ ဖြစ်စေ၊ တက္ကသိုလ်၌ ဖြစ်စေ မပျောက်မပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ထားမည်။ ကျောင်းသားများ၊ စာရေးဆရာများ၊ သုတေသီများ လေ့လာနိုင်ရန် စီစဉ်ပေးမည် ဟုလည်းဆိုသည်။
ထိုကဗျာစာအုပ်ကြီး၌ ထည့်သွင်းနိုင်ရန် နိုင်ငံအသီးသီးမှ ကဗျာဆရာကြီးများကို ရွေးချယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဆရာမင်းသုဝဏ်ကို ရွေးချယ်ကာ အထက်ပါအတိုင်း ကဗျာဖွဲ့ဆိုရန် မေတ္တာရပ်ခံခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာမင်းသုဝဏ်က ကဗျာသစ် မဖွဲ့တော့ပဲ အကျိုးအကြောင်း ရှင်းပြကာ “ပျဉ်းမငုတ်တို” ကဗျာကိုပင် ပေးပို့လိုက်သည်။သူငယ်ချင်း၊ မိတ်ဆွေအားလုံး သိရှိခံစားနိုင်ရန်နှင့် ဗဟုသုတရစေရန် ရည်ရွယ်၍ ဆရာမင်းယုဝေ ရေးသားသော “ပထမမြန်မာများ” စာအုပ်မှ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်
“ပျဉ်းမငုတ်တို”
ဖုထစ်ရွတ်တ၊ ဌက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမို့ထက်တွင် တစ်ပင်တည်း။
ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓါးထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်းခိုက်လျက်၊ မငိုက် ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်း တကား။
0 comments
[+/-] |
|
ယခု ကျွန်တော်တင်ပြသော အကြောင်းအရာ အားလုံးသည် ဆရာ မင်းယုဝေ ရေးသားသော “ပထမ မြန်မာများ” စာအုပ်မှ ထုတ်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ သူငယ်ချင်း၊ မိတ်ဆွေအားလုံး ဗဟုသုတရစေရန်၊ လေ့လာသိရှိနိုင်ကြစေရန် ရေးသား ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မက္ခရာ မင်းသားကြီး
(ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆရာ)
မြန်မာ့သမိုင်း၌ ကျွန်တော်သိသော “မက္ခရာမင်းသား” နှစ်ပါးရှိသည်။ တစ်ပါးမှာ အမရပူရ ပထမမြို့တည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)၏ သားတော် ဖြစ်သည်။ ငယ်မည် မောင်ပျိုး၊ ဘွဲ့အမည် မင်းရဲကျော်စွာ ဖြစ်သည်။ နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာ မင်းသားဟု တွင်သည်။ အင်းဝဘုရင် ဘကြီးတော်နှင့် သာယာဝတီမင်းတို့၏ ဦးလေးတော် ဖြစ်သည်။ မြန်မာနိုင်ငံကို ခေတ်သစ် ထူထောင်လိုသူအဖြစ် လည်းကောင်း၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုသူအဖြစ် လည်းကောင်း ထင်ရှားသည်။
ကျန်တစ်ပါးမှာမူ ရတနာပုံ ပထမမြို့တည် မင်းတုန်းမင်း၏ သားတော် ဖြစ်သည်။ ငယ်မည် မောင်သန့်၊ ဘွဲ့မည် မင်းရဲစည်သူ ဖြစ်သည်။ နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာမင်းသား တွင်သည်။ အိမ်ရှေ့စံ ကနောင်မင်းသား လွန်ပြီးနောက် ကနောင်မင်းသား အုပ်ချုပ်ခဲ့သည့် ရတနာပုံ စက်ရုံများကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ မင်းတုန်းမင်း၏ အရိုက်အရာကို ဆက်ခံထိုက်သူ အရည်အချင်း ပြည့်သော သားတော်ကြီးတစ်ပါး အဖြစ် ထင်ရှားသည်။ သီပေါမင်းကို နန်းတင်စဉ် မင်းညီမင်းသား အများ ကွပ်မျက်ခံရရာ၊ ထိုမင်းသားလည်း ကွပ်မျက်ခံရရှာသည်။
ယခု တင်ပြလိုသူမှာ အဘိဓာန်ဆရာ မက္ခရာမင်းသားကြီးပင် ဖြစ်သည်။ အမေရိကန် သာသနာပြုဆရာ ဒေါက်တာ ဂျပ်ဆင်၏ မှတ်တမ်းများအရ မက္ခရာ မင်းသားကြီးသည် ရုပ်ရည်ရူပကာ တင့်တယ်သည်။ သို့ရာတွင် ခြေလက်တို့မှာ လေဖြတ်ထားသဖြင့် မသန်မစွမ်း ဖြစ်နေသည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်လင့်ကစား မင်းသားကြီးသည် ဘ၀ကို အရှုံးမပေး။ နိုင်ငံနှင့် လူမျိုးအကျိုးကို အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်သည် ဆိုရာ၌
မင်းသားကြီးသည် အင်းဝသို့ ရောက်ရှိနေသည့် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ ရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် အနောက်တိုင်း ၀ိဇ္ဇာသိပ္ပံဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးသည်။ အထူးသဖြင့် “ရီး၏ စွယ်စုံကျမ်း (Ree’s Encyclopedia) ကိုလေ့လာ ဆည်းပူးသည်။ မြန်မာအမျိုးသားတို့ လေ့လာ ဆည်းပူးနိုင်ရန်လည်း ထိုကျမ်းပါ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုသည်။
မင်းသားကြီးသည် အလွန်ခေတ်မီသူ ဖြစ်သည်။ သူ့အိမ် စာကြည့်ဆောင် နံရံတွင် အပူအအေး ချိန်သော သာမိုမီတာနှင့် လေဖိအား ချိန်သော ဘရိုမီတာတို့ကို အမြတ်တနိုး ချိတ်ဆွဲထားသည်။ ကမ္ဘာလုံးသည် ဟူသော အယူအဆကိုလည်း နှစ်သက်လက်ခံ ယုံကြည်ထားသည်။ ထိုစဉ်က ထိုအယူအဆကို လက်ခံသူမှာ မြန်မာအမျိုးသားတို့ အထဲတွင် အလွန် ရှားပါးလှသည်။ မင်းသားကြီးသည် လော်ဂရစ်သမ် ဂဏန်းသင်္ချာ တွက်နည်းကို အင်းဝရောက် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာလိန်းထံက သင်ကြားလေသည်။
ဘကြီးတော်လက်ထက် ၁၈၂၆ ခုတွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားသည်။ ၂နှစ်ခန့် တိုက်ခိုက်ကြပြီးနောက် မြန်မာတို့ အရေးနိမ့်သဖြင့် စစ်ပြေငြိမ်းကြသည်။ ရန္တပိုစာချုပ်ကို ချုပ်ဆိုကြသည်။ စာချုပ်အရ မြန်မာတို့က အင်္ဂလိပ်တို့အား ရခိုင်တိုင်းနှင့် တနသာင်္ရီတိုင်းတို့ကို ပေးလိုက်ရသည်။ နှစ်နိုင်ငံ ဆက်ဆံရေး လွယ်ကူစေရန် မြန်မာနေပြည်တော် အင်းဝနှင့် အင်္ဂလိပ်ပိုင် ကာလကတ္တားတို့တွင် အရေးပိုင် ၀န်ကြီးတစ်ဦးစီ ခန့်ထားကြသည်။
အင်္ဂလိပ်တို့က အင်္ဂလိပ် စစ်ဗိုလ်မှူးကြီး ကာနယ် ဗားနေးကို အင်းဝသို့ အရေးပိုင်ဝန်ကြီးအဖြစ် ခန့်အပ် စေလွှတ်လိုက်သည်။ ကာနယ် ဗားနေးသည် အင်းဝတွင် ၇နှစ်တိုင် နေထိုင်လျက် အမှုထမ်းရွက်ခဲ့လေသည်။ ကာနယ် ဗားနေးသည် အင်းဝသို့ ရောက်သောအခါ မက္ခရာမင်းသားကြီးကို သွားရောက် တွေ့ဆုံလေသည်။ တွေ့ဆုံသည်မှာ တာဝန်အရ မဟုတ်၊ နိုင်ငံရေးအရ မဟုတ်။ အင်္ဂလိပ်စာ တတ်ကျွမ်း၍ ခေတ်မီ ၀ိဇ္ဇာသိပ္ပံ ပညာရပ်များကို လေ့လာလိုက်စားသူ ပညာရှင်တစ်ဦးကို လေးစား ကြည်ညိုသောအားဖြင့် သွားရောက် တွေ့ဆုံခြင်းသာ ဖြစ်သည်။
မင်းသားကြီးကလည်း ကာနယ်ဗားနေးကို ကောင်းစွာ ဆီးကြိုဧည့်ခံသည်။ မင်းသားကြီး၏ စာကြည့်ဆောင် နံရံတွင် သာမိုမီတာနှင့် ဘရိုမီတာတို့ ချိတ်ဆွဲထားသည်ကို ကာနယ်ဗားနေးသည် အံ့ချီးစွာ တွေ့ခဲ့ရသည်။ မင်းသားကြီးနှင့် ကာနယ်ဗားနေးတို့ ပြောဆို ဆွေးနွေးကြသည်တို့မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မင်းသားကြီးက ကာနယ်ဗားနေးအား လန်ဒန်၊ ကာလကတ္တား၊ အင်းဝ၊ ဘန်ကောက်မြို့များ၏ လတ္တီကျူ မျဉ်းကြောင်းများ၊ လောင်ဂျီကျူ မျဉ်းကြောင်းများကို မေးသည်။ အဘယ့်ကြောင့် သင်္ဘောသား အိမ်မြှောင် မြောက်ဘက်သို့သာ ခေါင်းလှည့် နေတတ်သည်ကိုလည်း မေးသည်။ ကောင်းကင်၌ ဒုတိယအကြိမ် ပေါ်ထွက်လာသော ကြယ်တံခွန် အကြောင်းကိုလည်း မေးသည်။ သာမိုမီတာနှင့် ဘရိုမီတာတို့ကို မည့်ကဲ့သို့ စီရင် ပြုလုပ်သည်ကိုလည်း မေးသည်။ ထို့ပြင် မင်းသားကြီးက အက္ခရာသင်္ချာကို သူအလွန် တတ်ကျွမ်းလိုကြောင်းလည်း ပြောလေသည်။
ကာနယ်ဗားနေးသည် မင်းသားကြီး၏ ပညာဗဟုသုတကို အထူးလေးစား ချီးကျူးမိသည်။ မင်းသားကြီးကို အထူးလေးစား ကြည်ညိုမိသည်။ ထို့ကြောင့် သူ၏မှတ်တမ်းတွင် “ကျွန်ုပ်သည် မင်းသားကြီး၏ ဗဟုသုတ စုံလင်ပုံကို မချီးမွမ်းဘဲ မနေနိုင်ပါ။ ဤမြန်မာနိုင်ငံတွင် မင်းသားကြီးကဲ့သို့ ပညာဗဟုသုတ ပြည့်စုံ ၍ ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်မျိုးကို မတွေ့ဖူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာဗဟုသုတ အရာတွင် အငတ်မပြေ သိကျွမ်းလိုသော သူမျိုးကို မတွေ့ဖူးပါ” ဟူ၍ ရေးထားခဲ့လေသည်။
မင်းသားကြီးသည် သိပ္ပံပညာကို အထူး ၀ါသနာထုံသူ ဖြစ်သည်။ ကာနယ်ဗားနေးနှင့် သာမက အခြား နိုင်ငံခြားသား ပုဂ္ဂိုလ်များနှင့်လည်း သိပ္ပံပညာအကြောင်း ဆွေးနွေးတတ်သည်။ ကာနယ်ဗားနေးနှင့် မတွေ့မီ ၁၈၂၂ ခုတွင် ဒေါက်တာ ဂျပ်ဆင်နှင့် တွေ့ဆုံစဉ်ကလည်း သိပ္ပံပညာအကြောင်း ဆွေးနွေးခဲ့ဖူးသည်။ ဒေါက်တာဂျပ်ဆင်က နက္ခတ္တဗေဒနှင့် ပထ၀ီပညာများကို သူနှင့် မက္ခရာမင်းသားကြီးတို့ ဆွေးနွေးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ယင်းသို့ မှတ်တမ်းတင်ရာ၌ မက္ခရာမင်းသားကြီးသည် အနောက်တိုင်း သိပ္ပံပညာကို အထူး လေ့လာလိုက်စားသူ ဖြစ်သည်ဟူ၍လည်း မှတ်ချက်ချထားပေသည်။
မင်းသားကြီးသည် ထိုစဉ်က အင်္ဂလိပ်စာပေ၌ ခေတ်စားသည့် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို အခေါက်ခေါက် အခါခါ လေ့လာသည်။ ယင်းသို့ လေ့လာရာမှ အင်္ဂလိပ်-မြန်မာ အဘိဓာန် တစ်စောင် ကြိုးပမ်းပြုစုရသော် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိပေအံ့။ မြန်မာတို့ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းရေးအတွက် အထောက်အကူ ရပေအံ့။ ခေတ်မီ ၀ိဇ္ဇာသိပ္ပံ ပညာရပ်များကို လေ့လာရာတွင် လည်းကောင်း၊ ယင်းတို့ကို မြန်မာဘာသာ ပြန်ဆိုရာတွင် လည်းကောင်း ကြီးစွာသော အထောက်အကူ ရပေအံ့ဟု ဆင်ခြင်မိရာသည်။
ထို့ကြောင့် သူ့ကို လောဂရစ်သမ် ဂဏန်းသင်္ချာ သင်ပေးခဲ့ဖူးသည့် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာ ချားလိန်းနှင့် တွဲဖက်လျက် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို တီထွင်ပြုစုလေသည်။ ပြုစုရာ၌ မစ္စတာလိန်းက ရှေးဦးစွာ အင်္ဂလိပ် အဘိဓာန်ကို မြန်မာဘာသာ ပြန်ဆိုသည်။ ထို့နောက် မြန်မာဘာသာ ပြန်ချက်ကို မင်းသားကြီးက စေ့စပ်သေချာစွာ ပြင်ဆင်တည်းဖြတ်ပေးသည်။ ယင်းအဘိဓာန်ကို ၁၈၃၃ ခုတွင် စတင် ကြိုးပမ်းပြုစုသည်။ ၁၈၄၁ ခုတွင် ကာလကတ္တားမြို့၊ သာသနာပြု ပုံနှိပ်တိုက်၌ ပုံနှိပ် ထုတ်ဝေနိုင်ခဲ့သည်။ အဘိဓာန်အရွယ်မှာ ဒီမိုင်း ဆိုဒ်ကြီးဖြစ်၍ စာမျက်နှာ ၄၈၆ မျက်နှာ အထူရှိသည်။
ယင်းအဘိဓာန် နိဒါန်းကို မက္ခရာမင်းသားကြီး ကိုယ်တိုင် မြန်မာဘာသာဖြင့် ရေးသားသည်။ နိဒါန်းတွင် ယင်းအဘိဓာန် ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မင်းသားကြီးက ဤသို့ ရေးထားသည်။
“အထူးထူးသော ဘာသာ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ်လူမျိုးသည် ဟုတ်မှန်သော၊ ထင်ရှား မျက်မှောက်တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေ နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို နားလည် သိမြင်ခြင်းသည် ဗဟုသုတအရာ၌ များစွာ အကျိုးရှိသည်။ ထို့ကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာဘာသားအားဖြင့် နားလည် သိမြင်စေခြင်း အကျိုးဌာ မက္ခရာမင်းသားက သင်္ဘောသူကြီး ကပ္ပတိန်လျင်ကို အင်္ဂလိပ် အဘိဓာန်စာ ရှိသည်အတိုင်း မြန်မာဘာသာ မှန်ကန်အောင် ပြန်ဆိုပါဆို၍ မြန်မာသက္ကရာဇ် ၁၁၉၅ ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် ၁၈၃၃ ခုနှစ်မှစ၍ ပြန်ဆိုရေးသားသည်။ ပြန်ဆိုအပ်သော အဘိဓာန်စာသည်ကား အင်္ဂလိပ်အက္ခရာကို ဖတ်နိုင်ကာမျှ သင်ပြီး၍ ရှေ့နောက်စကား ကြည့်ရှုမှတ်သားပြီးလျှင် ထိုအဘိဓာန်စာကို အမှီပြု၍ အင်္ဂလိပ်ပညာစာ ၄၅ မှစ၍ အင်္ဂလိပ်စာတို့ကို မြန်မာဘာသာအားဖြင့် သိမြင် နားလည်နိုင်ရာသည်။”
ယနေ့ဆိုလျှင် ယင်းအဘိဓာန်ကြီး ပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ကျော် ရှိခဲ့ပြီ။ ယင်းအဘိဓာန်သည် မြန်မာနိုင်ငံသားတို့ကို အင်္ဂလိပ်ဘာသာ သင်ကြားရာ၌ ကောင်းစွာ အထောက်အကူ ပြုနိုင်ခဲ့သည်။ မြန်မာဘာသာ သင်ကြားသော နိုင်ငံခြားသားများကိုလည်း ကောင်းစွာ အထောက်အကူ ပြုခဲ့သည်။ ထို့ပြင် “လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်သို့၊ သုတ်သင်ကာမျှ၊ လွယ်ကာရလိမ့်” ဟူသော ဆောင်ပုဒ်နှင့်အညီ နှောင်းအဘိဓာန် ဆရာများကိုလည်း ကောင်းစွာ အထောက်အကူ ပြုခဲ့ပေသည်။
ယင်းအဘိဓာန်ကို ပထမအကြိမ်သာ ရိုက်နှိပ်နိုင်ခဲ့သဖြင့် ယခုအခါတွင် အလွယ်တကူ ရှာဖွေ မတွေ့နိုင်တော့ပေ။ သို့ရာတွင် ကျွန်တော် သိရသမျှ မပျက်မစီးဘဲ ကြွင်းကျန်နေသေးသည့် ယင်းအဘိဓာန် နှစ်အုပ်ကား ရှိနေသေးသည်။ တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ ကွန်ဂရက် စာကြည့်တိုက်တွင် ရှိသည်။ တစ်အုပ်ကား ရန်ကုန်မြို့ ယဉ်ကျေးမှုဌာန၊ အမျိုးသားစာကြည့်တိုက်တွင် ရှိသည်။ မြန်မာစာပေသမိုင်းတွင် ဒေါက်တာ ဂျပ်ဆင်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊ ဦးရွှေကြူး၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊ ဒေါက်တာဘဟန်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်များ ရှိရာ၊ မက္ခရာမင်းသားကြီး၏ ဤ အင်္ဂလိပ်-မြန်မာ အဘိဓာန်သည် အစောဆုံး ဖြစ်ပေသည်။ ဤတွင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစုသော မြန်မာ လူမျိုးများထဲတွင် မက္ခရာ မင်းသားကြီးသည် ပထမဆုံး ဖြစ်သည်ဟု ဆိုရပေမည်။
မက္ခရာမင်းသားကြီးသည် ပညာအရာတွင် ထက်မြက်ရုံမျှမက သိက္ခာ၊ သမာဓိနှင့်လည်း အထူး ပြည့်စုံဟန်တူသည်။ နောင်တော် ဘကြီးတော်မင်းကို သာယာဝတီမင်းသား ပုန်ကန်သောအခါ စေ့စပ် ဆွေးနွေးရေးအတွက် မက္ခရာ မင်းသားကြီးပင် ဦးဆောင် ဆောက်ရွက်ခဲ့ရပေသည်။
မင်းသားကြီးသည် မြန်မာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွား၍ ၁၂၁၀ ပြည့်နှစ်၊ အသက် ၅၇ နှစ် အရွယ်တွင် လွန်သည်။
0 comments
[+/-] |
ဖြစ်ရမယ် |
0 comments
[+/-] |
တွေးစရာလေးများ ၂ |
0 comments
[+/-] |
တွေးစရာလေးတွေပါ |
0 comments
[+/-] |
|
0 comments
[+/-] |
မင်းကွန်းသို့ အပျော်ခရီး |
0 comments
[+/-] |
|
0 comments
[+/-] |
|
0 comments
[+/-] |
အမှတ်ရဖွယ်ရာ ဘလော့ခ်ဟောပြောပွဲလေးအကြောင်း |
ဘလော့ဂ်လုပ်ခြင်းဖြင့် ရရှိနိုင်သော အခွင့်အလမ်းအချို့အကြောင်းကို ဆွေးနွေးပါရစေခင်ဗျာ။ ဘလော့ဂ်လုပ်လို့ ဘာအခွင့်အလမ်းတွေ ရနိုင်မလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ရနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ မိတ်ဆွေက အနုပညာရှင်တစ်ယောက်လား။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လား။ ဒါမှမဟုတ် ခုမှ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်လား။ ဒါမှမဟုတ် အိမ်မှာ စာအုပ်လေးဖတ်ပြီး ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးတွေကို ကမ္ဘာပတ်ပြီး ဆွေးနွေးဖို့ ဆန္ဒရှိသူ တစ်ယောက်လား။ ဘလော့ဂ်တစ်ခု ဖန်တီးရယူခြင်းဖြင့် မိတ်ဆွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။ Everything is bloggable လို့ ဆိုထားတဲ့ ဒီနေ့ Seminar ခေါင်းစဉ်အတိုင်း ကိုယ့်ရဲ့ နေ့စဉ် အဖြစ်အပျက်လေးတွေက အစ အင်တာနက် ကမ္ဘာမှာ ဖြန့်ဝေဖို့ အခွင့်အရေး ရှိပါတယ်။ အခွင့်အလမ်းတွေအများကြီးထဲက အနည်းငယ်ကို ဆွေးနွေးခွင့်ပြုပါခင်ဗျ ``အနုပညာနှင့်ဆိုင်သော အခွင့်အလမ်းများ´´ စာရေးခြင်း၊ ကဗျာရေးခြင်း ၀ါသနာပါတဲ့သူတွေဆိုရင် ကိုယ့်ရဲ့ဘလော့ဂ်မှာ စိတ်ကြိုက်ရေးသားပြီး တင်ထားနိုင်တယ်။ ဘလော့ဂါ အပေါင်းအသင်း သူငယ်ချင်းတွေရဲ့ ဝေဖန် အားပေးမှုနဲ့ အပြန်အလှန် ဆွေးနွေးတာတွေကိုလည်း လုပ်နိုင်ပါတယ်။ ပန်းချီဆွဲဝါသနာပါတဲ့သူတွေ၊ ဓါတ်ပုံရိုက်ဝါသနာပါတဲ့သူတွေလည်း ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ချပြနိုင်တယ်။ အသံထွက် ကဗျာရွတ်ဦးမလား။ ၀တ္တုလေးတစ်ပုဒ်ကို သရုပ်ဖော်ပုံလှလှလေးတွေနဲ့ တန်ဆာဆင်ပြီး ရေးဦးမလား။ လှုပ်ရှားမှု Animation လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးဦးမလား။ ရပါတယ်။ အမြင်အာရုံ၊ အကြားအာရုံ စသည်တို့နဲ့ ကိုယ့်စိတ်ကူးထဲက အနုပညာတွေကို စိတ်ကြိုက်ပုံဖော်လို့ ရပါတယ်။ ``ပညာရေးနှင့်ဆိုင်သော အခွင့်အလမ်းများ´´ မိတ်ဆွေ သိထား၊ တတ်ထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို ဝေမျှပေးချင်တယ်ဆိုရင် ဘလော့ဂ်ကတော့ အမြန်နှုန်းနဲ့ ကမ္ဘာအ၀ှမ်း ပြန့်နှံ့စေပါလိမ့်မယ်။ အင်တာနက်ကြည့်ရှုသုံးစွဲကြသူအများ ပညာယူကြရာနေရာတွေဟာ အရင်လို Website တွေမှာထက် ဘလော့ဂ်တွေမှာ ပိုပြီး အကြည့်များလာကြပါပြီ။ Website တစ်ခုလုပ်ဖို့ဆိုတာက Domain Name Registration ဆိုတဲ့ ကိုယ်ပိုင် အင်တာနက် လိပ်စာ တစ်ခု မှတ်ပုံတင်ရဦးမယ်။ ဒါကလည်း အလကား မရနိုင်ဘူးဆိုတော့ ပိုက်ဆံ ကုန်မယ်။ ပိုက်ဆံတတ်နိုင်ပေမယ့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှု အလွယ်တကူ လုပ်လို့မရနိုင်တဲ့ နိုင်ငံတွေဆိုရင် အချိန်တွေကြာမယ်။ အခက်အခဲတွေ ရှိမယ်။ နောက်တစ်ချက်က Website တစ်ခုတည်ဆောက်ရန် နည်းပညာအခက်အခဲ ပိုပြီး များပြားပါတယ်။ Blog ကတော့ နည်းပညာ အခက်အခဲ အတန်အသင့်ရှိတယ်ဆိုပေမယ့် Ready Made လုပ်ပေးထားတဲ့ Widget တို့ Template တို့ ကို ယူသုံးလိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။ ဒါကြောင့် သင်မျှဝေလိုသော အတွေ့အကြုံတွေကို ကမ္ဘာကို အလွယ်ဆုံးနဲ့ အမြန်ဆုံး ဖြန့်ဝေနိုင်တာ Blog ပါ။ ``စီးပွားရေးနှင့်ဆိုင်သော အခွင့်အလမ်းများ´´ မိတ်ဆွေမှာ လုပ်ငန်း တစ်ခုရှိတယ်ဗျာ။ အဲဒီလုပ်ငန်းကို ငွေကုန်ကြေးကျ နည်းနည်း၊ ကရိကထနည်းနည်း နဲ့ အင်တာနက်ကနေ ပြောပြချင်တယ်။ ပြီးတော့ အချိန်နဲ့အမျှ လုပ်ငန်းနဲ့ ဆိုင်တဲ့ Promotion လုပ်ထားတာတွေ၊ Discount ပေးနေတယ်ဆိုတာမျိုးတွေကို ကမ္ဘာ့အရပ်ရပ်က Customer တွေကို ပြောပြချင်တာ။ ဒါဆို Blog သာ လုပ်ထားလိုက်ပါ။ ကိုယ့်လုပ်ငန်းကို မသိသေးတဲ့ Customer တွေလည်း ကိုယ့် Blog ကနေတဆင့် ကိုယ့်လုပ်ငန်းအကြောင်း သိလာနိုင်သလို ကိုယ့်ရဲ့ ရှိပြီးသား ဖောက်သည်တွေလည်း ကိုယ့်လုပ်ငန်းအကြောင်း အမြဲတမ်း မျက်ခြေမပြတ် သိနိုင်တာပေါ့ဗျာ။ Blog လောက် ငွေကုန်ကြေးကျ သက်သာစွာနဲ့ လုပ်ငန်းကို ကြော်ငြာနိုင်တာ၊ သတင်းတွေ ပြောပြနိုင်တာ ဘယ်အရာရှိဦးမလဲဗျာ။
ဘလော့ဂ်နဲ့ ပတ်သတ်လို့ မိတ်ဆွေရရှိနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါသေးတယ်ဗျာ။ အခြား ဘလော့ဂါများကလည်း ပြောပြကြဦးမှာပါ။ ခုလို Live Blog အစီအစဉ်မှာ ၀င်ရောက်ရေးသားခွင့်ရလို့လည်း စီစဉ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဘလော့ဂ်ကို လာရောက်ဖတ်ရှုကြသူများနဲ့ Seminar ကို တက်ရောက်ကြသူ ဧည့်သည်တော်များအားလုံးလည်း ကိုယ်ပိုင်ဘလော့ဂ်ကနေတဆင့် မိမိတို့ရဲ့ အခွင့်အလမ်းများကို ထိထိရောက်ရောက် ရယူအသုံးချနိုင်ကြပါစေခင်ဗျာ။
အခမ်းအနားအစီအစဉ်(၂)အရ Internet Training Program Mananger မရတနာချိုက ဆက်လက် ပြီးဘလော့ခ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးရှင်းလင်းတင်ပြ သွားပါတယ်။
အခမ်းအနားအစီအစဉ်(၃)အရ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်းကြေငြာပါတယ်။
အဲဒီနောက် တက်ရောက်လာကြတဲ့ ဧည့်သည်တော်အပေါင်းကို အအေး၊ သစ်သီးတို့နဲ့ဧည့်ခံပါတယ်။ ကိုယ်တိုင် ထယူစနစ်နဲ့ပါ။ ပြီးတော့တက်ရောက်ကြတဲ့သူများထဲမှ မရှင်းတာတွေ၊ နားမလည်တာတွေကို တက်ရောက် လာကြတဲ့ ဘလော့ခ်ဂါတွေက ၀ိုင်းဝန်းကူညီရှင်းလင်း ပြသပေးကြပါတယ်။ (၄)နာရီထိုးတော့ ကျွန်တော်တို့ ညီအကို(၂)ယောက် အားလုံးကိုနှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတော့တယ်။ တကယ့်ကို ကျေနပ်ဝမ်းသာပျော်ရွှင် ဖွယ်ရာပွဲလေး ဖြစ်ခဲ့ပါတယ်။ မေ့မရတဲ့နေ့လေး(၁)နေ့လည်း ဖြစ်သွားပါပြီ။
ကျွန်တော့်အတွက်တော့ အလွန်ပျော်ရွှင်မိပါတယ်။ ကိုယ်လေးစားအားကျတဲ့ ဘလော့ခ်ဂါကြီးတွေနဲ့ တွေ့ရဆုံရ ဆွေးနွေးရလို့ပါ။ သူတို့နဲ့ယှဉ်လိုက်တော့ ကိုယ့်ကိုယ်ကိုတောင် တွေးပြီးရှက်မိပါတယ်။ ကျွန်တော်နောက်ကို သူတို့လိုဖြစ်အောင် ဆက်ကြိုးစားမယ်လို့ တွေးရင်း....
0 comments
[+/-] |
မမ ဖြူနှင်းသော် |
1 comments
[+/-] |
My Brother&Sister and My Best Friends |
ကျွန်တော့်ညီမလေး ပြည်ဖြိုးသော်ပါ။ ညီမအရင်းပါ တော်တော်တော့ဆိုးတယ်၊ တကယ်အနော်က အခံရဆုံး၊ လက်သံက ပြောင်သေးတယ်။ ကျွန်တော့်အောက်ကပေါ့ စွာစိမလေး...
[+/-] |
LwinKoLat ,Mandalay |