August 25, 2007

About Meeting

၂၅.၈.၂၀၀၇နေ့မှာ MICT Park Canteen မှာ လုပ်တဲ့ Meeting လေးကို သွားရောက်တက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ၃၁ရက်နေ့ ကမ္ဘာဘလော့ခ်ဂါနေ့ အထိမ်းအမှတ် အခမ်းအနားလေး ပြုလုပ်ဖို့အတွက် အစီအစဉ် တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ တက်ရောက်ကြသူတွေကတော့ ကျွန်တော်သိသလောက်ပဲ ဖော်ပြ လိုက်ပါတယ်နော်။ နာမည်မသိလို့ မပါလိုက်တဲ့ သူတွေအတွက် ကျွန်တော်အနူးအညွတ်ပဲ တောင်းပန် လိုက်ပါတယ်။ ဦးဆောင်သူတွေကတော့ ဦးထိပ်၊ ဆြာဘ၊ မရတနာချို၊ ကိုစစ်ကိုင်း၊ ကိုဇော်မိုးအောင်၊ မရွှေပုံ့၊ Caculator၊ ပြီးတော့ နောက်ထပ် (၃)ယောက်ကတော့ နာမည်မသိလို့ မဖော်ပြတော့ပါဘူးနော်။ တစ်ခါတည်း တောင်းပန်လိုက်ပါတယ်။ အဲဒီမှာ မှတ်မှတ်ရရ ဦးထိပ်နဲ့ ဆြာဘက ပြောပါတယ်။ သူတို့ကို မေးခံရတယ်ပေါ့နော်။ ဒီဘလော့ခ် အခမ်းအနားပွဲနဲ့ ပတ်သက်လို့ တက်ရောက်သူတွေမှာ ဘာအကျိုးကျေးဇူး၊ ဗဟုသုတ၊ အသိဥာဏ်ပညာတွေ ရမှာလဲ၊ ကျန်ခဲ့မှာလဲလို့ပေါ့။ သူတို့ကပြောမှ ကျွန်တော် သေသေချာချာ စဉ်းစားကြည့်မိတယ်။ ဟုတ်တယ် ဘလော့ခ်ရေးတတ်သွားရင် ဘာအကျိုးကျေးဇူးတွေ ခံစားရမလဲလို့။ ဒါကတော့ ကျွန်တော်တွေးမိတာ၊ စဉ်းစားမိတာ၊ ထင်မြင်မိတာကို တင်ပြတာပါ။ အမှားများပါသွားခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်လိုက်ချင်ပါတယ်။
ပထမအနေနဲ့ ကျွန်တော်ခံစားမိတာကို ပြောပြချင်ပါတယ်။ နောက်ဆုံးအဆင့်ပေါ့နော်။ ကျွန်တော်အရင် ဘလော့ခ် မရေးတတ်ခင်က စိတ်ထဲမှာ ခံစားရတာတွေကို ရင်ထဲမှာ မြိုသိပ်ထားရတယ်။ မွန်းကျပ်နေတာပဲ။ အခုရေးတတ်သွားတော့ စိတ်ထဲရှိတာတွေ ချရေးပလိုက်တယ်။ စိတ်ကိုပေါ့ပါးသွားတာပဲ။ ပြီးတော့ ကိုယ်ရေးထားတာတွေနဲ့ ပတ်သက်လို့ လာရောက်ဖတ်ရှုသူတွေက အကြံဥာဏ်တွေပေးတယ်၊ အားပေးတယ်၊ မကောင်းဘူး ထင်ရင်ပြောပြ တားမြစ်ကြတယ်။ ဒီလိုဆိုတော့ ကိုယ်လည်းအားရှိတယ်၊ ကိုယ့်ကိုယ်လည်း ယုံကြည်မှု ပိုရှိလာတယ်။ ကိုယ်အရမ်းခံစားနေရတဲ့ ကိစ္စဆိုရင်တောင် သူတို့နှစ်သိမ့်တာ၊ အကြံဥာဏ် ပေးတာ တွေက လုံးဝအကျိုး ကျေးဇူးရှိပါတယ်။ ဒါကျွန်တော် ခံစားရတာကို ပြောတာပါ။ ဥပမာ ဆိုပါစို့- လူတစ်ယောက်က ကဗျာဆရာဖြစ်ချင်တယ်။ ရေးထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် သူ့မှာလူတိုင်း ကိုလည်း ဒါကျွန်တော် ရေးထားတာပါဆိုပြီး လိုက်ပြလို့မဖြစ်နိုင်ဘူး။ အရမ်းကြီးလည်း ကိုယ့်ကိုယ်ကို မယုံရဲဘူး။ အကယ်၍ သူသာဘလော့ခ် ရေးတတ်သွားမယ် ဆိုပါစို့။ သူရေးထားတဲ့ကဗျာတွေကို သူ့ဘလော့ခ်ပေါ်မှာ တင်လိုက်မယ်။ ဒါဆိုရင် သူ့ဆိုဒ်ကို လူတကာဝင်ဖတ်ဖြစ်မယ်။ ဖတ်ကြည့်တဲ့သူတွေက ကောင်းတယ်၊ မကောင်းဘူး၊ ဆက်ကြိုးစားပါ၊ ဘယ်ဟာလေးကတော့ ဘယ်လိုနဲ့ ၀ိုင်းဝန်း အကြံဥာဏ်ပေးကြမယ်၊ ဝေဖန်ကြမယ်။ ဒါဆိုသူလည်း လိုက်နာသင့်တာလိုက်နာ၊ ရှောင်သင့်တာရှောင်နဲ့ ပိုကောင်းလာမယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု ပိုရှိလာမယ်။ အဲလာကြည့်တဲ့သူတွေထဲမှာ စာအုပ်တိုက်တွေက အယ်ဒီတာတွေ၊ ထုတ်လုပ်သူတွေ ပါလာမယ်။ သူ့ကိုလည်း သတိထားမိသွားမယ်။ သူ့ကဗျာလေးကိုတွေကို ကြိုက်တယ်ဆိုရင် သူ့လိပ်စာကို ဆက်သွယ်ကြမယ်။ ဒါဆို သူရည်မှန်းချက်တွေ ပြည့်မသွားဘူးလား။ ဖြစ်နိုင်မဖြစ်နိုင်တော့ မပြောတတ်ဘူးပေါ့။ ကျွန်တော် စဉ်းစားမိတာကို တင်ပြတာပါ။ အကယ်၍ အဲဒီနေရာမှာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်မယ်ဆိုရင်လည်း သူ့စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်တဲ့ ၀န်ဆောင်မှုတွေ၊ ရရှိနိုင်တာတွေ၊ အစီအစဉ်တွေကို ငွေရေးကြေးရေး အကုန်အကျခံပြီး ကြေငြာနေစရာ မလိုတော့ဘူး။ ဘလော့ခ်မှာတင် ပြီးတော့ လိပ်စာကဒ်မှာ အီးလ်မေးလ်လိပ်စာလေး ထည့်လိုက်ရင် ပိုပြီးကောင်းမသွားဘူးလား။ ပညာရေးနဲ့ ပတ်သက်တဲ့ လေ့လာသူ၊ လိုက်စားသူဆိုရင်လည်း တချို့ပညာရေးနဲ့ ပတ်သက်လို့ ရေးထားတဲ့ ဘလော့ခ်မှာ သွားရောက် ဖတ်ရှုလေ့လာ လိုက်မယ်ဆိုရင် အသိဥာဏ်ပညာတွေ ပိုတိုးမသွားဘူးလား၊ နည်းပညာပိုင်း ဆိုင်ရာတွေမှာလည်း ဒီလိုပါပဲ။ ဒါကြောင့် ဒီဘလော့ခ်ပွဲ အခမ်းအနားလေးကနေ ဘလော့ခ်အကြောင်း မသိသေးသူတွေလည်း သိသွားမယ်၊ ရေးတတ်သွားမယ်ဆိုရင် ဘာမှမကျန်ဘူးဆိုတောင် အနည်းဆုံး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတလေးတော့ ရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အထက်တင်ပြတာတွေ အားလုံးဟာ ကျွန်တော်ထင်တာ၊ တွေးမိတာလေးတွေပဲ ဖြစ်ပါတယ်။ အမှားပါသွားရင် အားလုံးကို တောင်းပန်ချင်ပါတယ်။ ကိုယ်တွေးတာ၊ ထင်တာတွေကိုလည်း ဝေဖန်အကြံပြုနိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments: