July 22, 2007

အမှတ်ရဖွယ်ရာ ဘလော့ခ်ဟောပြောပွဲလေးအကြောင်း


တက်ရောက်လာကြတဲ့သူများကို သစ်သီး၊ အအေးတို့နှင့် ဧည့်ခံနေစဉ်
ပျော်ပျော်ပါးပါး ဓါတ်ပုံတွေအလုအယက် ရိုက်ကြနဲ့
မန္တလေးသားဘလော့ခ်ဂါများ တွေ့ဆုံကြရာဝယ်
ဘလော့ခ်ဂါများက တက်ရောက်လာကြသူ ဧည့်သည်များမှ မရှင်းသည်၊ မေးမြန်းသည်များကို အားတက်သရော ရှင်းလင်းပြသနေကြစဉ်
C Box ထဲမှာပျော်ပျော်ပါးပါး ရေးကြ၊ အော်ကြ :)

ကွန်ပျူတာအင်ဂျင်နီယာ ပညာရှင်များအသင်းမှ အတွင်းရေးမှူး ရှင်းလင်းဆွေးနွေးနေစဉ်

စိတ်ဝင်တစား တက်ရောက်လာကြတဲ့ ဘလော့ခ်ဂါများနဲ့ ဧည့်သည်တော်များ
မန္တလေးသား/သူ ဘလော့ခ်ဂါများ ပျော်ပျော်ပါးပါး စုံစုံညီညီတွေ့ဆုံကြစဉ်
တက်ရောက်လာကြတဲ့ ဘလော့ခ်ဂါများနဲ့ ဧည့်သည်တော်များ
ကျွန်တော်တို့ နှင့် အလွဲများ

ဒီနေ့ ၂၂.၇.၂၀၀၇နေ့ဟာဖြင့် ထူးခြားပျော်ရွှင်ဖွယ်နေ့တနေ့ ဖြစ်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ MICT Park က MCPA Room မှာ ဘလော့ခ်ဂါ ဟောပြောပွဲရှိလို့ပါ။ မန္တလေးသားဘလော့ခ်ဂါတွေ တိုးတက် လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တဲ့ပွဲလေးလို့ သိရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ညီအကို(၂)ယောက် နေ့လည် (၁၂း၃၀)မှာ MICT Park ရောက်ပါတယ်။ ရောက်ရောက်ချင်း (၂)ယောက်သား ခပ်တည်တည်တွေနဲ့ အခမ်းအနား အပြင်အဆင်တွေရှိတဲ့ MICT Park တက်တက်ချင်း Hall Room ကြီးထဲ ၀င်ရောက်နေရာ ယူလိုက်ကြတယ်။ အဲဒီမှာမန္တလေးကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ခန့်အပ်ပွဲရှိတာ မသိဘူးလေ။ ခန်းမထဲတဖြေးဖြေး လူများလာတယ်။ ကြည့်လိုက်တော့ အရာရှိကြီးတွေ၊ ပါမောက္ခချုပ်တွေ၊ လူကြီးလူကောင်း တွေချည်းဆိုတော့ နည်းနည်းတော့လန့်လာတယ်။ အကို့ကိုလက်တို့လိုက်တယ်၊ အကို အောင်ချမ်းဟုတ်တော့ဘူးထင်တယ်၊ လာတဲ့ဘလော့ခ်ဂါတွေကလည်း ငယ်တဲ့လူရှားလှချည်လား တခုခုတော့ မှားနေပီထင်တယ်။ အဲဒီတင်အခမ်းအနားမှူးက အခမ်းအနားစတင်ကြောင်း ကြေငြာလိုက်တယ်။ အခမ်းအနားအစီအစဉ်တွေကို တခုပြီးတခုဆက်တိုက် ကြေငြာသွားတယ်။ အခမ်းအနားအစီအစဉ် အစအဆုံး ကြေငြာလို့ပီးသွားမှ အခန်းမှားဝင်မိမှန်းသိလို့ (၂)ယောက်သားအသာထပြီး လစ်ထွက်ခဲ့ကြတယ်။

ဟောပြောပွဲဆီသို့


MCPA Room ကိုရောက်တော့ ဘလော့ခ်ဂါတွေတောင် အတော်စုံနေပါပြီ။ တက်ရောက်လာတဲ့ ဧည့်သည် တွေလည်း အတော့်ကိုများပါတယ်။ ဒါနဲ့အခန်းထဲရောက်တော့ အခမ်းအနားမှူးက အခမ်းအနားအစီအစဉ် (၁)အရ အခမ်းအနားစတင်ကြောင်း ကြေငြာပါတယ်။ အခမ်းအနားအစီအစဉ်(၂)အဖြစ် အထက်မြန်မာပြည် ကွန်ပျူတာ ပညာရှင်များအသင်း အတွင်းရေးမှူးက အောက်ပါအတိုင်း အဖွင့်အမှာကြား စကား ပြောပြီး ဆွေးနွေးသွားပါတယ်။


ဘလော့ဂ်နှင့် အခွင့်အလမ်းများ

ဘလော့ဂ်လုပ်ခြင်းဖြင့် ရရှိနိုင်သော အခွင့်အလမ်းအချို့အကြောင်းကို ဆွေးနွေးပါရစေခင်ဗျာ။ ဘလော့ဂ်လုပ်လို့ ဘာအခွင့်အလမ်းတွေ ရနိုင်မလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ရနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ မိတ်ဆွေက အနုပညာရှင်တစ်ယောက်လား။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လား။ ဒါမှမဟုတ် ခုမှ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်လား။ ဒါမှမဟုတ် အိမ်မှာ စာအုပ်လေးဖတ်ပြီး ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးတွေကို ကမ္ဘာပတ်ပြီး ဆွေးနွေးဖို့ ဆန္ဒရှိသူ တစ်ယောက်လား။ ဘလော့ဂ်တစ်ခု ဖန်တီးရယူခြင်းဖြင့် မိတ်ဆွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။ Everything is bloggable လို့ ဆိုထားတဲ့ ဒီနေ့ Seminar ခေါင်းစဉ်အတိုင်း ကိုယ့်ရဲ့ နေ့စဉ် အဖြစ်အပျက်လေးတွေက အစ အင်တာနက် ကမ္ဘာမှာ ဖြန့်ဝေဖို့ အခွင့်အရေး ရှိပါတယ်။ အခွင့်အလမ်းတွေအများကြီးထဲက အနည်းငယ်ကို ဆွေးနွေးခွင့်ပြုပါခင်ဗျ ``အနုပညာနှင့်ဆိုင်သော အခွင့်အလမ်းများ´´ စာရေးခြင်း၊ ကဗျာရေးခြင်း ၀ါသနာပါတဲ့သူတွေဆိုရင် ကိုယ့်ရဲ့ဘလော့ဂ်မှာ စိတ်ကြိုက်ရေးသားပြီး တင်ထားနိုင်တယ်။ ဘလော့ဂါ အပေါင်းအသင်း သူငယ်ချင်းတွေရဲ့ ဝေဖန် အားပေးမှုနဲ့ အပြန်အလှန် ဆွေးနွေးတာတွေကိုလည်း လုပ်နိုင်ပါတယ်။ ပန်းချီဆွဲဝါသနာပါတဲ့သူတွေ၊ ဓါတ်ပုံရိုက်ဝါသနာပါတဲ့သူတွေလည်း ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ချပြနိုင်တယ်။ အသံထွက် ကဗျာရွတ်ဦးမလား။ ၀တ္တုလေးတစ်ပုဒ်ကို သရုပ်ဖော်ပုံလှလှလေးတွေနဲ့ တန်ဆာဆင်ပြီး ရေးဦးမလား။ လှုပ်ရှားမှု Animation လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးဦးမလား။ ရပါတယ်။ အမြင်အာရုံ၊ အကြားအာရုံ စသည်တို့နဲ့ ကိုယ့်စိတ်ကူးထဲက အနုပညာတွေကို စိတ်ကြိုက်ပုံဖော်လို့ ရပါတယ်။ ``ပညာရေးနှင့်ဆိုင်သော အခွင့်အလမ်းများ´´ မိတ်ဆွေ သိထား၊ တတ်ထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို ဝေမျှပေးချင်တယ်ဆိုရင် ဘလော့ဂ်ကတော့ အမြန်နှုန်းနဲ့ ကမ္ဘာအ၀ှမ်း ပြန့်နှံ့စေပါလိမ့်မယ်။ အင်တာနက်ကြည့်ရှုသုံးစွဲကြသူအများ ပညာယူကြရာနေရာတွေဟာ အရင်လို Website တွေမှာထက် ဘလော့ဂ်တွေမှာ ပိုပြီး အကြည့်များလာကြပါပြီ။ Website တစ်ခုလုပ်ဖို့ဆိုတာက Domain Name Registration ဆိုတဲ့ ကိုယ်ပိုင် အင်တာနက် လိပ်စာ တစ်ခု မှတ်ပုံတင်ရဦးမယ်။ ဒါကလည်း အလကား မရနိုင်ဘူးဆိုတော့ ပိုက်ဆံ ကုန်မယ်။ ပိုက်ဆံတတ်နိုင်ပေမယ့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှု အလွယ်တကူ လုပ်လို့မရနိုင်တဲ့ နိုင်ငံတွေဆိုရင် အချိန်တွေကြာမယ်။ အခက်အခဲတွေ ရှိမယ်။ နောက်တစ်ချက်က Website တစ်ခုတည်ဆောက်ရန် နည်းပညာအခက်အခဲ ပိုပြီး များပြားပါတယ်။ Blog ကတော့ နည်းပညာ အခက်အခဲ အတန်အသင့်ရှိတယ်ဆိုပေမယ့် Ready Made လုပ်ပေးထားတဲ့ Widget တို့ Template တို့ ကို ယူသုံးလိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။ ဒါကြောင့် သင်မျှဝေလိုသော အတွေ့အကြုံတွေကို ကမ္ဘာကို အလွယ်ဆုံးနဲ့ အမြန်ဆုံး ဖြန့်ဝေနိုင်တာ Blog ပါ။ ``စီးပွားရေးနှင့်ဆိုင်သော အခွင့်အလမ်းများ´´ မိတ်ဆွေမှာ လုပ်ငန်း တစ်ခုရှိတယ်ဗျာ။ အဲဒီလုပ်ငန်းကို ငွေကုန်ကြေးကျ နည်းနည်း၊ ကရိကထနည်းနည်း နဲ့ အင်တာနက်ကနေ ပြောပြချင်တယ်။ ပြီးတော့ အချိန်နဲ့အမျှ လုပ်ငန်းနဲ့ ဆိုင်တဲ့ Promotion လုပ်ထားတာတွေ၊ Discount ပေးနေတယ်ဆိုတာမျိုးတွေကို ကမ္ဘာ့အရပ်ရပ်က Customer တွေကို ပြောပြချင်တာ။ ဒါဆို Blog သာ လုပ်ထားလိုက်ပါ။ ကိုယ့်လုပ်ငန်းကို မသိသေးတဲ့ Customer တွေလည်း ကိုယ့် Blog ကနေတဆင့် ကိုယ့်လုပ်ငန်းအကြောင်း သိလာနိုင်သလို ကိုယ့်ရဲ့ ရှိပြီးသား ဖောက်သည်တွေလည်း ကိုယ့်လုပ်ငန်းအကြောင်း အမြဲတမ်း မျက်ခြေမပြတ် သိနိုင်တာပေါ့ဗျာ။ Blog လောက် ငွေကုန်ကြေးကျ သက်သာစွာနဲ့ လုပ်ငန်းကို ကြော်ငြာနိုင်တာ၊ သတင်းတွေ ပြောပြနိုင်တာ ဘယ်အရာရှိဦးမလဲဗျာ။

ဘလော့ဂ်နဲ့ ပတ်သတ်လို့ မိတ်ဆွေရရှိနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါသေးတယ်ဗျာ။ အခြား ဘလော့ဂါများကလည်း ပြောပြကြဦးမှာပါ။ ခုလို Live Blog အစီအစဉ်မှာ ၀င်ရောက်ရေးသားခွင့်ရလို့လည်း စီစဉ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဘလော့ဂ်ကို လာရောက်ဖတ်ရှုကြသူများနဲ့ Seminar ကို တက်ရောက်ကြသူ ဧည့်သည်တော်များအားလုံးလည်း ကိုယ်ပိုင်ဘလော့ဂ်ကနေတဆင့် မိမိတို့ရဲ့ အခွင့်အလမ်းများကို ထိထိရောက်ရောက် ရယူအသုံးချနိုင်ကြပါစေခင်ဗျာ။

အခမ်းအနားအစီအစဉ်(၂)အရ Internet Training Program Mananger မရတနာချိုက ဆက်လက် ပြီးဘလော့ခ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးရှင်းလင်းတင်ပြ သွားပါတယ်။

အခမ်းအနားအစီအစဉ်(၃)အရ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်းကြေငြာပါတယ်။

အဲဒီနောက် တက်ရောက်လာကြတဲ့ ဧည့်သည်တော်အပေါင်းကို အအေး၊ သစ်သီးတို့နဲ့ဧည့်ခံပါတယ်။ ကိုယ်တိုင် ထယူစနစ်နဲ့ပါ။ ပြီးတော့တက်ရောက်ကြတဲ့သူများထဲမှ မရှင်းတာတွေ၊ နားမလည်တာတွေကို တက်ရောက် လာကြတဲ့ ဘလော့ခ်ဂါတွေက ၀ိုင်းဝန်းကူညီရှင်းလင်း ပြသပေးကြပါတယ်။ (၄)နာရီထိုးတော့ ကျွန်တော်တို့ ညီအကို(၂)ယောက် အားလုံးကိုနှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတော့တယ်။ တကယ့်ကို ကျေနပ်ဝမ်းသာပျော်ရွှင် ဖွယ်ရာပွဲလေး ဖြစ်ခဲ့ပါတယ်။ မေ့မရတဲ့နေ့လေး(၁)နေ့လည်း ဖြစ်သွားပါပြီ။


ကျွန်တော့်အတွက်တော့ အလွန်ပျော်ရွှင်မိပါတယ်။ ကိုယ်လေးစားအားကျတဲ့ ဘလော့ခ်ဂါကြီးတွေနဲ့ တွေ့ရဆုံရ ဆွေးနွေးရလို့ပါ။ သူတို့နဲ့ယှဉ်လိုက်တော့ ကိုယ့်ကိုယ်ကိုတောင် တွေးပြီးရှက်မိပါတယ်။ ကျွန်တော်နောက်ကို သူတို့လိုဖြစ်အောင် ဆက်ကြိုးစားမယ်လို့ တွေးရင်း....


No comments: