July 27, 2007

ရေးချင်တာတော့ကြာပါပြီ၊ ဒါပေမယ့် ဘာရေးရမှန်းကို ခေါင်းထဲက မထွက်ဘူးဖြစ်နေတယ်။ ဒါနဲ့ Light of English သြဂုတ်လထုတ်ဂျာနယ်လေးကို ပျင်းပျင်းရှိတာနဲ့ ကောက်ဖတ်နေလိုက်တယ်။ အဲဒီထဲက ဆုံးမစာလေး တွေ ပုံပြင်လေးတွေတွေ့တာနဲ့ အားလုံးလည်းဗဟုသုတရအောင်၊ အသိပညာတိုးအောင်၊ ခံစားလို့ ရအောင် တင်ပြပေးလိုက်ပါတယ်။ ဖတ်ပြီးတဲ့သူလည်း ရှိချင်ရှိမှာပေါ့နော်။ သည်းခံသာဖတ်ကြပါခင်ဗျာ။ ဘာရေးရမှန်း ခေါင်းထဲကမထွက်လို့ပါနော်...

ကျည်းကန်ရှင်ကြီး၏ “အမိက သားမောင်ရွှေအောင်ထံ ပေးသည့်သြ၀ါဒ မေတ္တာစာ”မှ ကောက်နှုတ် တင်ပြချက်

“သေးမှသာလှသည် မဟုတ်ပါ။
ဝေးမှသာရသည် မဟုတ်ပါ။
မသေးဘဲနှင့်ပင် လှပါသည်။
မဝေးပဲနှင့်ပင် ရပါသည်။

ပြာမှသာလှသည် မဟုတ်ပါ။
ကြာမှသာရသည် မဟုတ်ပါ။
မပြာဘဲနှင့်ပင် လှပါသည်။
မကြာဘဲနှင့်ပင် ရပါသည်။

ကံသာ ဥစ္စာဓန ဖြစ်ချေသည်။
ဥာဏ်မှာ ဟုတ်ရာသမျှ ဖြစ်ချေသည်။
ကံရှိမှ တတ်သည်။
ဥာဏ်ရှိမှ မြတ်သည်။
ကံနှိုးဆော်မှ ထင်ပေါ်သည်။
ဥာဏ်နှိုးဆော်မှ မြင်မြော်သည်။

ကံပင်ရှိသော်လည်း ၀ီရိယ ချွတ်တတ်သည်။
ဥာဏ်ပင်ရှိသော်လည်း သတိလွတ်တတ်သည်။
ကံပင်ရှိသော်လည်း ၀ီရိယ ကူရမည်။
ဥာဏ်ပင်ရှိသော်လည်း သတိက မူရမည်။

ကြော့ကြမ်းလျှင် မုန်းတတ်သည်။
သော့သွမ်းလျှင် ဆုံးတတ်သည်။
ဟော့ရမ်းလျှင် ရှုံးတတ်သည်။
မကြော့ မကြမ်း နုရမည်။
မသော့ မသွမ်း ပြုရမည်။
မဟော့ မရမ်း ရှုရမည်။

ဂူပျက်ကိုလည်း မအောင်းနှင့်။
သူပျက်ကိုလည်း မပေါင်းနှင့်။
ဂူပျက်ကို အောင်းလျှင် ပိတတ်သည်။
လူပျက်ကို ပေါင်းလျှင် ငြိတတ်သည်။

ထန်းလျက်နှင့် တူသည်လို့ ကျောက်ဖြူကိုလည်း
မနမ်းနှင့်။
ကျွမ်းလျက်နှင့် မြူသည်လို့ အောက်သူကိုလည်း
မစမ်းနှင့်။
ကျောက်ဖြူကို နမ်းလျှင် ဖုံကပ်သည်။
အောက်သူကို စမ်းလျှင် ကုန်တတ်သည်။

ကျတိုင်းလည်း ကုန်းကာ မကောက်နှင့်။
ရတိုင်းလည်း သုံးကာ မဖျောက်နှင့်။
ကျတိုင်း ကောက်လျှင် လူရယ်မည်။
ရတိုင်း ဖျောက်လျှင် ဖြူလွယ်သည်...
ကျည်းကန်ရှင်ကြီး

“ဘ၀တန်ဖိုး”

အတိတ်ကိုဆွေး၊ မတွေးလေနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်မှန်းဆ၊ မတမ်းတနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ လုပ်သင့်ရာကို
ပညာလုံ့ လ အသုံးချလျက်
ဘ၀တန်ဖိုး အားမာန်ကိုးကာ
မြတ်နိုးကြည်ဖြူ အရယူလော့။
ရွှေကလျာဏ (သာသနာ့တက္ကသိုလ်-မန်း)

No comments: