August 22, 2007

လွန်ခဲ့သည့် ၁၉၆၅ ခု ဇွန်လထဲ၌ အမေရိကန်ပြည်ထောင်စု စာပေဆိုင်ရာ ပုဂ္ဂိုလ်များက ၀ါရှင်တန် မြန်မာသံရုံးမှ တစ်ဆင့် ဆရာ မင်းသုဝဏ်ထံသို့ အကြောင်းကြားစာ ပေးပို့သည်။ ထိုစာနှင့်အတူ ပန်းချီကားပုံတူ တစ်ကားကိုလည်း ပေးပို့သည်။ ပန်းချီကားမှာ အမေရိကန် စာရေးဆရာကြီး နိုဗယ်ဆုရ ၀ီလျံဖော့ကနာ ရေးဆွဲသော “ဟင်နရီ” အမည်ရှိ ပန်းချီကား ဖြစ်သည်။ လူသားတို့၏ လေးစားဖွယ် စိတ်ဓါတ်ကို ဖော်ကျူးသော ပန်းချီကား ဖြစ်သည်ဟု ဆိုသည်။

စာတွင် ထိုပန်းချီကားကို ဆရာ မင်းသုဝဏ် ရှုကြည့်ပါ။ ထို့နောက် ထိုပန်းချီကားကို ရှုကြည့်ရာမှ လူသားတို့၏ မြတ်နိုးဖွယ် စိတ်ဓာတ်နှင့် ပတ်သတ်၍ ခံစားမိ၊ ဆင်ခြင်မိ၊ တွေးတောမိသည် တို့ကို ဆရာမင်းသုဝဏ်က မြန်မာကဗျာတစ်ပုဒ် ဖွဲ့ဆိုပေးပါဟု မေတ္တာရပ်ခံထားသည်။ ဖွဲ့ဆိုပေးရာ၌ ဆရာမင်းသုဝဏ်၏ မြန်မာလက်ရေးမူဖြင့်ပင် ဖွဲ့ဆိုပေးပါရန် တောင်းခံသည်။ ထိုသို့ ဆရာမင်းသုဝဏ် ဖွဲ့ဆိုပေးသော ကဗျာကိုလည်း “ကမ္ဘာ့သက်ရှိ ကဗျာဆရာကြီးများ” အမည်ဖြင့် ထုတ်ဝေမည့် ကဗျာစာအုပ်တွင် အင်္ဂလိပ်ဘာသာပြန် နှင့်အတူ ပူးတွဲထည့်သွင်း ဖော်ပြခွင့်ပြုပါရန်လည်း မေတ္တာရပ်ခံထားသည်။

“ကမ္ဘာ့သက်ရှိ ကဗျာဆရာကြီးများ” ကဗျာစာအုပ်မှာ အမေရိကန်နိုင်ငံက ထုတ်ဝေမည့် The World’s Great Living Poets အမည်ရှိ စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံတစ်နိုင်ငံစီမှ ကဗျာဆရာကြီး တစ်ဦးစီ၏ ကဗျာတစ်ပုဒ်စီ ပါရှိမည်။ ကဗျာဆိုရာ၌ ဖော်ပြပါ “ဟင်နရီ” ပန်းချီကားကို ရှုကြည့်ပြီး ဖွဲ့ဆိုထားသော ကဗျာဖြစ်သည်။ မိမိတို့ တိုင်းရင်းဘာသာ အသီးသီးဖြင့် ဖွဲ့ဆိုပေးသည်ကို သက်ဆိုင်ရာက အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပူးတွဲ ဖော်ပြမည်ဖြစ်သည်။ ကဗျာနှင့်အတူ ကဗျာဆရာ၏ ဓါတ်ပုံ၊ ကဗျာဆရာ၏ အတ္ထုပတ္တိ အကျဉ်းပါ ပါရှိမည်။ ထိုကဗျာစာအုပ်ကို စောင်ရေပေါင်း အမြောက်အမြား ရိုက်နှိပ်ကာ ကမ္ဘာအနှံ့၊ ကမ္ဘာ့တက္ကသိုလ်များအနှံ့ ဖြန့်ဖြူးမည် ဆိုသည်။ ထိုကဗျာစာအုပ်တွင် ဖော်ပြခြင်း ခံရသော ကဗျာဆရာကြီးများ၏ လက်ရေးမူကဗျာများကို အမေရိကန်နိုင်ငံရှိ အကြီးဆုံး ပိဋ္ဋကတ်တိုက်ကြီး၌ ဖြစ်စေ၊ တက္ကသိုလ်၌ ဖြစ်စေ မပျောက်မပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ထားမည်။ ကျောင်းသားများ၊ စာရေးဆရာများ၊ သုတေသီများ လေ့လာနိုင်ရန် စီစဉ်ပေးမည် ဟုလည်းဆိုသည်။

ထိုကဗျာစာအုပ်ကြီး၌ ထည့်သွင်းနိုင်ရန် နိုင်ငံအသီးသီးမှ ကဗျာဆရာကြီးများကို ရွေးချယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဆရာမင်းသုဝဏ်ကို ရွေးချယ်ကာ အထက်ပါအတိုင်း ကဗျာဖွဲ့ဆိုရန် မေတ္တာရပ်ခံခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာမင်းသုဝဏ်က ကဗျာသစ် မဖွဲ့တော့ပဲ အကျိုးအကြောင်း ရှင်းပြကာ “ပျဉ်းမငုတ်တို” ကဗျာကိုပင် ပေးပို့လိုက်သည်။သူငယ်ချင်း၊ မိတ်ဆွေအားလုံး သိရှိခံစားနိုင်ရန်နှင့် ဗဟုသုတရစေရန် ရည်ရွယ်၍ ဆရာမင်းယုဝေ ရေးသားသော “ပထမမြန်မာများ” စာအုပ်မှ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်

“ပျဉ်းမငုတ်တို”

ဖုထစ်ရွတ်တ၊ ဌက်လင်းတသို့

ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်

ကုန်းမို့ထက်တွင် တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေးတက်လာ၊ အိုင်းအမာသို့

ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်

စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း

စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်

ဓါးထစ်လည်း ခံ၊ နေလျှံလည်း တိုက်

လေပြင်းခိုက်လျက်၊ မငိုက် ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောက်ျားကောင်း တကား။


No comments: