August 9, 2007

တွေးစရာလေးတွေပါ

ဖြစ်မှဖြစ်ရလေ
ကိုလိုနီခေတ်ကပေါ့.. အင်္ဂလိပ်လူမျိုး (၂)ယောက် တောရွာတစ်ရွာကို ရောက်လာတယ်။ အဲဒီမှာ သူတို့က အရက်သောက်ချင် လာတယ်ပေါ့။ ဒါနဲ့ ရွာထဲက အရက်ဆိုင်က ချက်တောအရက် (၂)လုံးဝယ်ကြတယ်။ အဲဒီမှာ သူတို့ ဒုက္ခရောက်ကြတာပဲ။ အင်္ဂလန်မှာဆို အရက်ကို ရေခဲစိမ်သောက်နေကြလေ။ မြန်မာချက်အရက်ကျ ဒီအတိုင်း မသောက်တတ်ကြဘူး။ ဒီတော့ ဘယ်လိုလုပ်လဲဆိုတော့ အရက်ပုလင်းကို ကြိုးချည်၊ ရေစွတ်ထားတဲ့ အ၀တ်ပတ်ပြီး ဟိုဘက်ဒီဘက် လွှဲကြတယ်။ နောက်လွဲတာကြာလာတော့ အရက်ပုလင်းက အေးလာတယ်လေ။ အဲဒီကျမှ နှစ်ယောက်သား ဖောက်သောက်ကြတယ်။ ရွှေဥာဏ်တော် စူးရောက်ကြပုံက.... သြော်.. ဒါကြောင့် သူတို့လူမျိုးတွေ တိုးတက်ကြတာ၊ တော်ကြတာကိုးလို့ ကိုယ့်ဘာသာတွေးတောမိတယ်.....

သတ်ပုံမှားတဲ့ည
မြန်မာစကားဟာ တော်တော်တော့ နားလည်ရခက်တယ်ဗျ။ စကားလုံးတစ်လုံးစီ တစ်လုံးစီရဲ့ အဓိပ္ပာပယ်ဟာ စဉ်းစားလေ ပိုရှုပ်လေပဲဗျ။ တစ်နေ့ ကရင်လူမျိုးလင်မယား (၂)ယောက်စီ ကျွန်တော်အလည် ရောက်သွားတယ်။ ဗျိုး... အမိုး ဘာလုပ်နေလဲ၊ ဖထီးတစ်ယောက် မမြင်ပါလားဗျ၊ ဝေး... နင်ဖထီးအကြောင်း အခုမှလာမေးနေတယ်၊ ငါသူနဲ့ စကားမပြောတာ အကြီးကောင် တစ်သက်ရှိပေါ့။ ဒါနဲ့ ပြောဖို့မေ့နေတာ သူတို့မှာ သားချည်း(၃)ယောက် ရှိတာ။ စကားမပြောတာ သားကြီးတစ်သက်တဲ့၊ သားကြီးအောက်မှာ အငယ်(၂)ကောင်နဲ့။ ကဲ... စဉ်းစားသာကြည့်ကြတော့ဗျာ၊ ကျွန်တော်တော့ အခုအချိန်ထိတွေးတယ်၊ စဉ်းစားတယ်။ ကျွန်တော် ဥာဏ်ရည်မမှီလို့လား မသိဘူး။ အခုအချိန်ထိ ဘယ်လိုမှ အဖြေကိုစဉ်းစားလို့ မရဘူးဗျာ။ ကျေးဇူးပြုပြီး မိတ်ဆွေတို့လည်း ကူညီပြီး စဉ်းစားပေးကြပါဗျာ။

ဒူးနေရာဒူး တော်နေရာတော်
တစ်နေ့ မိဘ(၂)ပါးဟာ သူတို့ သားလေးကို ဆုံးမနေတယ်။ ”သား လူများတွေနဲ့ ဆက်ဆံရာမှာ လိမ္မာ ယဉ်ကျေးရမယ်နော်။ စကားကို ချိုချိုသာသာ ပြောရမယ်။ လူတစ်ယောက်ကို တွေ့ရင် မင်္ဂလာပါခင်ဗျာ၊ ဘာစားပြီးပြီလဲ ခင်ဗျာ အဲလိုမေးရမယ်၊ ပြောရမယ် သိလား မှတ်ထားနော် သား”။ ဒါနဲ့ ကလေးက တစ်နေ့ အပြင်ထွက်တဲ့အခါ အိမ်တစ်အိမ်မှာ လူတွေစုရုံးစုရုံး တွေ့တာနဲ့ အိမ်ဝမှာ ရပ်နေတဲ့လူကြီးကို နှုတ်ဆက်လိုက်တယ်။ “ဦးလေး မင်္ဂလာရှိသောနေ့ တစ်နေ့ပါခင်ဗျာ”။ အဲလို ပြောလိုက်တဲ့အခါ လူကြီးကအရမ်း စိတ်ဆိုးပြီး ကလေးကို အော်ဟစ် လွှတ်တယ်။ ဒါနဲ့ ကလေးက ဘာလို့များပါလိမ့်ပေါ့ တွေးရင်း ဆက်ထွက်ခဲ့တယ်။ နောက်ထပ်လူကြီး တစ်ယောက်နဲ့ ထပ်တွေ့ ပြန်တယ်။ “ဦးလေ မင်္ဂလာပါ၊ ဘာစားပြီးပြီလဲ ခင်ဗျာ” အဲဒီလူကြီးကလည်း စိတ်ဆိုးမာန်ဆိုးနဲ့ “မင်းအသက်အရွယ်လေးနဲ့ လူကြီးကို နောက်စရာလား၊ ဘာလားနဲ့ ပေါ့”။ ကလေးလည်း စိတ်ညစ်ပြီး အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ သူ့ အဖေနဲ့ အမေကို မေးတာပေါ့။ သားဖေဖေတို့ သင်တဲ့အတိုင်း တွေ့တဲ့လူတွေကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါတယ်။ ဒါပေမဲ့ သူတို့တွေက စိတ်ဆိုးမာန်ဆိုးနဲ့ အော်လွှတ်ကြတယ်ဗျ။ ကလေးပြောလို့ မှ မဆုံးသေးဘူး။ စောစောက သူနှုတ်ဆက်ခဲ့တဲ့ လူကြီးတွေက ဒေါကြီးမောကြီးနဲ့ အိမ်ကိုလာတိုင်ကြတယ်။ ခင်ဗျားသားကို သေသေချာချာ မဆုံးမထားဘူးလား။ သေချာပြောခိုင်းတာလား။ အိမ်မှာ နာရေးဖြစ်နေပါတယ် ဆိုနေမှ မင်္ဂလာရှိသောနေ့ လာပြောနေတယ်။ နောက်တစ်ယောက်ကလည်း လူကြီးကို လူကြီးမှန်းမသိဗျာ။ အိမ်သာက ပြန်လာတာကို ဘာစားပြီးပြီလဲလို့ ခင်ဗျားသားက လာနောက်တယ်။ လူကြီးကို နောက်စရာလားဗျ။ အဲဒါပါပဲ မိဘကတော့ ကောင်းစေချင်လို့ လိမ္မာစေချင်လို့ သင်တာကို ကလေးက သူ့နေရာနဲ့သူ မပြောတတ်တော့ ပြဿနာတတ်တော့ တာပေါ့။


No comments: